မြို့တော်ရန်ကုန်၌ လူနေတိုက်ခန်းပြိုကျ အက်ကွဲ တိမ်းစောင်းမှု တစ်နှစ်အတွင်း ခြောက်ကြိမ်ဖြစ်ပွား

Thursday, December 27, 20120 မှတ်ချက်များ


http://pyae-phyo.blogspot.com

ကန်ထရိုက်တိုက်များ၏ အရည်အသွေးပိုင်းအားနည်းမှုကို မေးခွန်းထုတ်စရာဖြစ်လာ

ရန်ကုန်မြို့ရှိ လူနေတိုက်ခန်းများ၏ အရည်အသွေးပိုင်း အားနည်းမှုနှင့် စီမံခန့်ခွဲပုံ လျော့နည်းမှုတို့ကြောင့် တိုက်ပြိုခြင်း၊ တိုက်အက်ခြင်းများ ယခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့ရာ အသက်ဆုံးရှုံးသည့် အနေအ ထားများပင် ကြုံတွေ့နေရပြီဖြစ်သည်။
ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသုံးပြုသည့် ဆောက်လုပ်ရေးကုန်ကြမ်းပစ္စည်းများ၏ အားနည်းမှုကြောင့် တိုက်နံရံများ အက်ကွဲခြင်း၊ အင်္ဂတေများ ကွာကျခြင်း၊ သံချောင်းများပေါ်ခြင်းတို့ကြောင့် လူနေထိုင်ရန် မသင့်လျော်သည့် တိုက်ခန်းများ ရန်ကုန်မြို့တွင် အများအပြားရှိနေကြောင်း မြို့ပြအင်ဂျင်နီယာ ဦးစိုးမင်းက ပြောသည်။
၂၀၁၂ ခုနှစ်အတွင်း ရန်ကုန်မြို့၌ တိုက်ပြိုကျမှု၊ တိုက်အက်ကွဲတိမ်းစောင်းမှု စုစုပေါင်းအကြိမ်ရေ ၆ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ သုံးဦးအထိ ရှိလာခဲ့ပြီဖြစ်သည်။ ဖြစ်ပွားမှုများ၌ သက်တမ်းနု ကန်ထရိုက်တိုက်များ အက်ကွဲခြင်း၊ အန္တရာယ်အဆောက်အအုံများ ပြိုကျခြင်း၊ အဆောက်အအုံအဟောင်းများ ဖြိုဖျက်စဉ် နည်းစနစ် မမှန်ကန်မှုတို့ကြောင့် ယခုလို အသက်ဆုံးရှုံးရသည့် အနေအထားမျိုးပင် ရှိနေခဲ့သည်။
သက်တမ်းနု ကန်ထရိုက်တိုက်များဖြစ်သည့် ၅ နှစ်သက်တမ်းသာရှိသေးသော အလုံမြို့နယ် ဆင်မင်းရပ်ကွက်မှ ရှစ်ထပ်တိုက်နှင့် စမ်းချောင်းမြို့နယ် ကျွန်းတောလမ်း ရှစ်ထပ်တိုက်များ၏ နောက်ဖေးခြမ်း အက်ကွဲတိမ်းစောင်းမှုများမှာ ပုံစံတူဖြစ်ပြီး တည်ဆောက်သူ ကန်ထရိုက်တာများ၏ နည်းပညာ အသုံးပြုမှု အားနည်းချက်ကြောင့်ဖြစ်ကြောင်း အထက်ပါ မြို့ပြအင်ဂျင်နီယာက  သုံးသပ်သည်။
“အဲ့လိုဖြစ်သွားတဲ့ ကန်ထရိုက်ကို ကန်ထရိုက်လိုင်စင် ရုပ်သိမ်းတဲ့အထိ အရေးယူမှုတွေ ပြုလုပ်ပါတယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံနှင့် အင်ဂျင်နီယာဌာနမှ ဌာနမှူး ဦးမောင်မောင်ဇော်က ပြောကြားသည်။
ကန်ထရိုက်တာများ၏ လိုင်စင်များအား ရုပ်သိမ်းသည်ဆိုသော်လည်း လက်ရှိရပ်ကွက်များအတွင်း၌ အငှားလိုင်စင်များဖြင့် တည်ဆောက်နေခြင်း၊  အခြားအမည်တစ်ခုဖြင့် ကန်ထရိုက်လိုင်စင်အား ပြန်လည်လျှောက်ထားခြင်းတို့ရှိနေသည်ဟု စမ်းချောင်းမြို့နယ်မှ  လိုင်စင်ရ ကန်ထရိုက်တာဦးနေစိုးထွန်းက ပြောသည်။
“လိုင်စင်မရှိဘဲ ဒီအတိုင်း ခိုးဆောက်နေတဲ့ တိုက်တွေ အများကြီးပဲ” ဟု ၎င်းကပြောသည်။  ဆောက်လုပ်ခွင့် လိုင်စင်မဲ့ ကန်ထရိုက်တိုက်ဆောက်လုပ်မှုသည် ယခုနှစ်အတွင်း အများဆုံးဖြစ်ပြီး လက်ရှိ တရားစွဲဆို အရေးယူထားသည့် ကန်ထရိုက်တိုက် အလုံးရေ ၂၀၀ ကျော်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံ အင်ဂျင်နီယာဌာန၏ ထုတ်ပြန်သော စာရင်းများအရ သိရသည်။
၁၉၉၇ ၀န်းကျင်က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ စိစစ်မှုအားနည်းခဲ့မှု ကြောင့် ယင်းကာလက ဆောက်ခဲ့သည့် တိုက်များ၏ အရည်အသွေးမှာ အဓိက အားနည်းခဲ့ပြီး ယခုနောက်ပိုင်းဆောက်လုပ်သည့် တိုက်များမှာမူ သေချာစိစစ်လေ့လာခြင်း၊ မြေကြီးနှင့်မြေဆီလွှာ အရည်အသွေးများ အဆင့်ဆင့်စစ်ဆေးခြင်း၊  မြို့တော်စည်ပင်၏ အမှန်တကယ် အရေးယူဆောင်ရွက်မှုတို့ကြောင့် အရည်အသွေးမီ တိုက်အချို့ တည်ဆောက်လျက်ရှိကြောင်း            Three Friends ဆောက်လုပ်ရေးကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဦးကိုကိုလေးက ပြောကြားသည်။
နောက်ပိုင်း ဆောက်လုပ်မည့် ကန်ထရိုက်တိုက်များ၏ အရည်အသွေးပိုင်းများအား စိစစ်ကြပ်မတ်နိုင်ရန်အတွက် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းနှင့် ဗိသုကာ ပညာရှင်များအသင်းတို့ ပူးပေါင်းကာ စံနှုန်းညီအဆောက်အ အုံများဖြစ်ထွန်းရေး Uniform Building Code အား  စတင်ရေးဆွဲမှု အချောသပ်နေပြီဖြစ်ကာ လာမည့်  ၂၀၁၄  ခုနှစ်တွင် ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ အတည်ပြု ပြဋ္ဌာန်းတော့မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဖွံ့ဖြိုးရေး စီမံကိန်း
အကြံပေး ပညာရှင် ဒေါက်တာကျော်လတ်က ပြောသည်။
လက်ရှိတွင် ရန်ကုန်မြို့၌ တိုက်များပြိုကျပါက အချိန်မီ ၀င်ရောက်ကယ်ဆယ်နိုင်ရေးအတွက် လိုအပ်သည့် ကိရိယာများ အလုံအလောက်ရှိသော်လည်း ရန်ကုန်မြို့၏ လမ်းများ ကျဉ်းမြောင်းမှုကြောင့် ကယ်ဆယ်ရာတွင် အခက်အခဲရှိကြောင်း မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရန်ကုန်မြို့တွင်းရှိ ဆောက်လုပ်ပြီးတိုက်များ၏ အရည်အသွေး အားနည်းရခြင်းမှာ ဆောက်လုပ်သော ကန်ထရိုက်၏ ငွေကြေးအမြတ်အစွန်းထွက်ရန် ပစ္စည်းခိုခြင်း၊ အမြန်ပြီးစီးရန် စံချိန်စံညွှန်းအတိုင်း  မဆောက်လုပ်ခြင်း၊ ဆောက် လုပ်ရေးလုပ်သားများက ပစ္စည်းခိုးခြင်း၊  ကျွမ်းကျင်လုပ်သားတို့၏ အရည်အသွေးအားနည်းခြင်းတို့ကြောင့် ယခုလို ဖြစ်ရသည်ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းဝင်တစ်ဦးက သုံးသပ်သည်။
ထို့ကြောင့် နောက်ပိုင်း ဆောက်လုပ်မည့် တိုက်များ၏ အရည်အသွေး နည်းစနစ်နှင့် လုံခြုံရေးတို့ ပြည့်စုံကောင်းမွန်ရေး အတွက် ဆောက်လုပ်ရေးလုပ်ငန်းရှင်တို့အား အမှန်တကယ် စိစစ်ကြပ်မတ်ရန် လိုအပ်နေပြီဖြစ်ကြောင်း အဆိုပါ ပညာရှင်တို့က ထောက်ပြဝေဖန်ကြသည်။

credit :7daynewsjournal.com
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger