တိုက်ပွဲဖြစ်ပွားမှုကြောင့် ရထားခရီးစဉ်အချို့ ရပ်နားခဲ့သော မန္တလေး-မြစ်ကြီးနားရထားလမ်း၌ ရထားများ ပုံမှန်ပြန်လည်ပြေးဆွဲ

Sunday, September 9, 20120 မှတ်ချက်များ


www.pyae-phyo.blogspot.com
(Image - Google Images)
မန္တလေး-မြစ်ကြီးနား ရထားလမ်းတွင် တပ်မတော်နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ရထားခရီးစဉ်အချို့  ရပ်နားခဲ့ရာ၌ လက်ရှိတွင် ပုံမှန် ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း သတင်းရရှိသည်။
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့ ညနေ ၆ နာရီ ၃၅ မိနစ်ခန့်တွင် ကာလူနှင့်မော်ဟန်အကြား မိုင်တိုင်အမှတ် ၆၂၂/၈၉ အကြားတွင် ကေအိုင်အေနှင့် တပ်မတော်တို့အကြား ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း၊ သံတံတားအမှတ် ၅၅၅ တွင် သံပေါင် သုံးပေပျက်စီးခဲ့ကာ သံလမ်းနှစ်ဖက် လေးပေခန့် ပျက်စီးခဲ့သည့်အတွက် ယင်းနေ့ ည ၇ နာရီခန့်မှစတင်၍ ရထားလမ်းအသွားအလာမရှိ ပိတ်လိုက်ကြောင်း မြစ်ကြီးနားမြို့တွင် ထုတ်ပြန်ချက် တစ်ရပ်အရ သိရှိရသည်။
မြန်မာ့မီးရထား (မန္တလေး)မှ တာဝန်ရှိသူတစ်ဦးက''မြစ်ကြီးနားကနေ စက်တင်ဘာလ ၆ ရက်နေ့ အစောဆုံးထွက်လာတဲ့ ၃၄ အစုန်ရထားခရီးစဉ်ကို မိုးညှင်းဘူတာမှာ ရပ်နားထားခဲ့ရတယ်။ ရှေ့ပြေးမိုင်းရှင်းရထားအသုံးပြုပြီး ဆောင်ရွက်တဲ့ မနက် ၂ နာရီဝန်းကျင်ခန့်အချိန်မှာ မိုင်တိုင်အမှတ် ၆၂၁/၈၉မှာရှိတဲ့ တံတားအမှတ် ၅၅၅ မှာ ရေလယ် အုတ်ခုံကွဲနေပြီး သံလမ်းပိုင်းမှာလည်း လေးပေလောက် ပျက်စီးနေတာ သိရတယ်''ဟု ပြောကြားခဲ့သည်။
ယင်းသို့ မန္တလေး-မြစ်ကြီးနားလမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် မီးရထားသံလမ်းနှင့် တံတားပျက်စီးမှု ရှိခဲ့သော်လည်း စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၄ နာရီခွဲအချိန်တွင် မန္တလေးမှ မြစ်ကြီးနားသို့ ထွက်ခွာမည့် ၃၇ အဆန်ခရီးစဉ်မှာ ပုံမှန်အတိုင်း ပြေးဆွဲခဲ့ကြောင်း သိရှိရသည်။
''မန္တလေးဘူတာကြီးကနေ ထွက်ခွာမယ့် ခရီးစဉ်တွေကိုတော့ ဖျက်သိမ်းခြင်းရှိပါဘူး''ဟု  မြန်မာ့မီးရထား(မန္တလေး)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ထို့အတူ ၂ နာရီ ၁၀ မိနစ်တွင် ထွက်ခွာသည့် ၅၅ အဆန်မီးရထားခရီးစဉ်ကို ပုံမှန်တွဲဆိုင်းဖြင့် ထွက်ခွာခဲ့ကြောင်း မန္တလေးဘူတာကြီးမှ သိရသည်။
ကချင်ပြည်နယ်တွင်း တပ်မတော်နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲများဖြစ်ပွားမှုသည် ၂၀၁၁ ခုနှစ် ဇွန်လက စတင်ခဲ့သည်။ စတင်ဖြစ်ပွားရာ ဒေသသည် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်တွင်ဖြစ်ပြီး မြစ်ကြီးနား၊ ၀ိုင်းမော်မြို့နယ်၊ ဖားကန့် မြို့နယ်များသို့ပါ သက်ရောက်မှုများ ရှိလာခဲ့သည်။ ၂၀၁၂ ခုနှစ် သြဂုတ်လကုန်ပိုင်းကလည်း ဖားကန့်မြို့နယ်အတွင်း တပ်မတော်နှင့် ကေအိုင်အေအကြား တိုက်ပွဲများဖြစ်ပွားမှုရှိခဲ့ကြောင်း သိရှိရသည်။
နေရပ်မှ တိမ်းရှောင်ကာ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရသသော ကချင်၊ ရှမ်းနှင့် အခြားတိုင်းရင်းသားဦးရေစုစုပေါင်းမှာ တစ်သိန်းဝန်းကျင် ရှိနေသည်ဟုလည်း သိရှိရသည်။
စိုက်ပျိုးရေးလုပ်ငန်းများ၊ နယ်စပ်ကုန်သွယ်ရေးနှင့် ဆက်စပ်သော စီးပွားရေးလုပ်ငန်းများ၊ အဓိကလုပ်ကိုင်ရာ ကချင်ပြည်နယ်အတွင်း တစ်ကျော့ပြန်တိုက်ပွဲများဖြစ်ပွားသည့် တစ်နှစ်ကျော်ကာလတွင် စီးပွားရေးပိုင်းနှောင့်နှေးမှုများ ရှိခဲ့သည်။

 credit -news-eleven.com
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger