နတ်ကာ ရေလှောင် တမံအတွက် နစ်နာကြေး မရသည့် ကုတ်ယူခံမြေပိုင်ရှင် များရှိနေ

Tuesday, June 26, 20120 မှတ်ချက်များ

ပျော်ဘွယ် မြို့နယ် မဲဒီး အုပ်စုတွင် နတ်ကာရေ လှောင်တမံ တည်ဆောက် စဉ်က ကုပ်ယူထားသည့် မြေယာများ အတွက် လက်ရှိ အချိန်ထိ နစ်နာကြေး မရသေးသော လယ်သမားများ ရှိနေကြောင်း ဒေသခံများက ဆိုသည်။

 လယ်ဧက (၁၂၀၀)ကျော် အားထားရသော နတ်ကာရေလှောင်တမံအတွက် ၂၀၁၁ ခုနှစ် ဇန်န၀ါရီလကတည်းက အနီး ပတ်ဝန်းကျင် ရှိ မြေယာများအား မြေကုတ်ယူခံခဲ့ရ၍ တောင်သူများမှာ လုပ်ကိုင်စားသောက်ရန်ခက်ခဲသွားပြီး ယခုနှစ်ဇွန်လ (၁၅)ရက်နေ့က မြေကုတ်ယူခံတောင်သူများက နိုင်ငံတော်သမ္မတထံသို့ အသနားခံစာတင်ပို့ခဲ့ကြောင်း သိရှိရသည်။

ထို့အတွက် ဒက်ဟက်ကုန်း၊စည်ပင်သာ၊ကန်ဖျား၊ကန်စွယ်၊ငန့်ဇင်းကျးရွာမှ တောင်သူများအနေဖြင့် တစ်ဧက ကျပ်(၂)သိန်းနှုန်းဖြင့် နစ်နာကြေးရရှိခဲ့သူများရှိသော်လည်း  မဲဒီး၊ချောင်းနား၊မင်းတဲကုန်းကျေးရွာများက တောင်သူများမှာ လက်ရှိအချိန်ထိ နစ်နာကြေး မရှိသေးကြောင်း သိရသည်။

 “ကျွန်တော်တို့မဲဒီး၊ချောင်းနား၊မင်းတဲကုန်းကျေးရွာတွေက အခုထိမရသေးဘူး။အကုပ်ခံရတာ-၆၅ဧကရှိပါတယ်။ မြေတွေကပျက်စီးပြီး လုပ်စားလို့ မရတော့ဘူး၊ တစ်နှစ်တစ်ခါ ပုံမှန်မြေဆီလွှာချရင်တောင်မှ နောက်ထပ်လေး၊ ငါးနှစ်ကြာတောင် အရင်လိုပြန် မဖြစ်နိုင် ဘူးလို့ ကြားတယ်။ အဲ့ဒီ အတိုင်းဆိုရင်တော့ ထိုက်တန်တဲ့ လျော်ကြေး လေးတော့ လိုချင်ပါတယ်”ဟု   မြေကုပ်ခံရသူတောင်သူကြီး ဦးစန်းလွင်က ပြောသည်။

မြေကုပ်ခံရသော မြေယာပိုင်ရှင်တောင်သူများအနေဖြင့်ယခင်ကဆီထွက်သီးနှံများနှင့်ဆန်စပါးစိုက်ပျိုး ဖြစ်ထွန်းခဲ့ပြီး ယခုချိန်တွင်   မြေဆီလွှာများ ဆုံးရှုံးခဲ့သောကြောင့်သီးနှံစိုက်ပျိုးနိုင်ခြင်းမရှိတော့၍ စီးပွားရေးအဆင်မပြေမှုများနှင့်ရင်ဆိုင်ကြုံတွေ့ နေရခြင်းဖြစ်သည်။

”ကျွန်တော်မှာမြေတစ်ဧကပဲရှိတာအဲဒီမြေလေးအကုပ်ခံရတော့လုပ်စားစရာမြေမရှိတော့ဘူး။ အခုသူများင်္ဆီမှာထွန်ငှား လိုက်နေ ရတယ်၊ နွားလေးတစ်ရှင်းရှိလို့ တော်သေးတာပေါ့၊ မြေယာအစားပေးရင်လည်း လိုချင်ပါတယ် ထိုက်သင့်တဲ့နစ်နာကြေးလည်း ရချင်ပါတယ်၊ မြေတူးကားအသံကြားရင်ကို ကြောက်နေရတာ” ဟု စည်ပင်သာရွာမှ တောင်သူတစ်ဦးက ပြောသည်။
နတ်ကာရေလှောင်တမံအတွက် သင့်တော်မည့် မြေအမျိုးအစားများအားယခင်အစိုးရလက်ထက်ကကဲ့သို့ စမ်းသပ်ရှာဖွေ ခဲ့ခြင်းဖြစ်ကြောင်း၊မည်သည့်ကွင်းများတွင် တူးဖော်သည်ကိုသေသေချာချာမသိရှိကြောင်း မဲဒီးအုပ်ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှုး ဦးချစ်စိန်က အတည်ပြုပြောဆိုသည်။

”ဆည်ဆောက်ဖို့ သင့်တော်မယ့်မြေအတွက် သင့်တင့်လျောက်ပတ်တဲ့ငွေကြေးပေးသံကြားရတာတော့  ၀မ်းသာပါတယ်။ ဒီဆည်ကြီးက လယ်ဧက(၁၂၀၀) ကျော်ပေးနိုင်လောက်အောင် ဆောက်လုပ်ထားတာပါ၊ မြေကုပ်ခံ ရတဲ့ကိစ္စနဲ့ ပတ်သက် လို့ တောင်သူတွေက ကျွန်တော့်ကို တင်ပြလာရင်တော့ ဆောင်ရွက်ပေးမှာပါ၊ အခုထိတော့ မတင်ပြသေးပါဘူး၊ သူတို့ဘက် ကတင်ပြလာရင်တော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ကျွန်တော်အတက်နိုင်ဆုံး ဆက်လက်တင်ပြညှိနိုင်း ဆွေးနွေးသွားပါမယ်”ဟု အုပ်ချုပ်ရေးမှုးဦးချစ်စိန်က ပြောကြားခဲ့သည်။

တောင်သူလယ်သမားများနှင့်အလုပ်သမားများအရေးဆောင်ရွက်နေသောကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်(ILO)မှ တာဝန်ရှိသူတစ်ဦးက ယခုကဲ့သို့ သုံးသပ်ပြောကြားခဲ့သည်။

”တောင်သူလယ်သမားဆိုတာ တစ်ဧကကို နှစ်သိန်းမဟုတ်ဘူး၊ ဆယ်သိန်းပေးတောင် မတန်ပါဘူး၊ ဘာလို့ လည်းဆိုတော့ သားစဉ်မြေးဆက်ပဒေသာပင်အဖြစ် ထွန်ယက်စိုက်ပျိုးရမှာဖြစ်တဲ့အတွက် မြေက မရှိမဖြစ် လိုအပ်ပါတယ် နိုင်ငံတော် ကတောင်သူမြေတွေလိုအပ်လို့ အသုံးပြုခဲ့ရင်လည်း ထိုက်သင့် နစ်နာကြေးတင်မက ဆုံးရှုံးသွားတဲ့ မြေကိုလည်း ပြင်ဆင်ပေးသင့်ပါတယ်”ဟု ILOမှ တာဝန်ရှိသူတစ်ဦးက  သုံးသပ်သည်။

မောင်ယဉ်ကျော်-မန္တလေး(မြစ်မခ)
by Myit Makha Mediagroup

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger