အစိုးရ စွမ်းအင်လုပ်ငန်း ပွင့်လင်းမှုနည်းဟု ဒေါ်စု ဝေဖန်

Friday, June 15, 20120 မှတ်ချက်များ


ဓါတ်ပုံ(ရိုက်တာ)
by Mizzima - News in Burmese
မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ ဇွန်လ ၁၄ ရက် ၂၀၁၂ ခုနှစ် ၂၂ နာရီ ၀၀ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။        ။ အစိုးရပိုင် မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း MOGE မှာ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုများ နည်းပါးနေသေး၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများအနေနှင့် ၎င်းနှင့် ဖက်စပ်မလုပ်ကိုင်သင့်
သေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က သက်ဆိုင်ရာ နိုင်ငံခြားအစိုးရများကို တိုက်တွန်းလိုက်သည်။

ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO ညီလာခံတွင် ကြာသပတေးနေ့က တက်ရောက်၍ နာရီဝက်ခန့်ကြာ မိန့်ခွန်းပြောကြား စဉ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ဖက်စပ်လုပ်ငန်း အစီအစဉ်တွေနဲ့ စွမ်းအင်ကဏ္ဍတွေမှာ ပြည်ပ ကုမ္ပဏီတွေအားလုံးနဲ့ တွဲလုပ်နေတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေလုပ်ငန်း MOGE ဟာ ခုချိန်မှာတော့ ပွင့်လင်းမြင်သာမှုရော၊ တာဝန်ခံမှု အပိုင်းမှာပါ အားနည်းနေ ပါသေးတယ်” ဟု သတိပေးပြောဆိုလိုက်သည်။

ထို့ကြောင့် “မြန်မာအစိုးရဟာ နိုင်ငံတကာ အသိအမှတ်ပြုထားတဲ့ စံတွေနဲ့ လုပ်ဆောင်ဖို့ လိုပါတယ်။ အပြည်ပြည် ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က ချမှတ်ထားတဲ့ ဘဏ္ဍာရေးဆိုင်ရာ ပွင့်လင်းမြင်သာမှုကို ကောင်းမွန်စွာ ကျင့်သုံးရေး ကျင့်ဝတ်စည်းကမ်း တွေလိုမျိုးပေါ့။ ဒီလို ကျင့်ဝတ်စည်းကမ်းတွေကို သဘောတူလက်မှတ်ရေးထိုးခြင်း မပြုဘူးဆိုရင်
တော့ ကိုယ့်နိုင်ငံက ကုမ္ပဏီတွေကို MOGE နဲ့ တွဲလုပ်ဖို့ တခြားနိုင်ငံတွေအနေနဲ့ ခွင့်မပြုခြင်းအားဖြင့် ကူညီရာ ရောက် ပါလိမ့်မယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားသည်။

၁၃ နှစ်ကြာ မြန်မာနိုင်ငံအပေါ် ကန့်သတ်တားမြစ်ထားမှုများကို ILO က ၂ဝ၁၂ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့တွင် ရုတ်သိမ်းလိုက်ကြောင်း ကြေညာပြီး နောက်တနေ့တွင် မိန့်ခွန်းတက်ရောက်ပြောဆိုခွင့်ရသည့် ဒေါ်အောင်ဆန်းစုကြည် က အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကိုမူ ကြိုဆိုရမှာဖြစ်ကြောင်း
ပြောဆိုလိုက်သည်။

မိန့်ခွန်းပြောဆိုအပြီး သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တဦးမှ မေးလာသော ကျောက်ဖြူ သဘာဝဓါတ်ငွေ့ စီမံကိန်းနှင့် ပတ်သက်၍ ပိုက်လိုင်း ကန်ထရိုက်စာချုပ်ပါ အချက်အလက်တွေကို မသိဘဲနဲ့ တရုတ် CNPC ကုမ္ပဏီနှင့် ပူးပေါင်းလုပ်ဆောင်နေသည့် မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းမှ အကျိုးအမြတ်ကို ချင့်တွက်ရန်မှာ မဖြစ်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“ပွင့်လင်းမြင်သာမှု အားနည်းခြင်းဟာ သင်္ကာမကင်းဖြစ်မှု အမျိုးမျိုးကို ပေါ်ပေါက်စေနိုင်ပြီး ဒါတွေကနေ အနာဂတ် အတွက် ဒုက္ခတွေကို ဖန်တီးပေးနေပါတယ်” ဟု ဖြေကြားသွားသည်။

ဒေါ်အောင်ဆန်းစုကြည်အနေနှင့် စွမ်းအင်ထုတ်ယူမှုနှင့်ပတ်သက်၍ “တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းတွေရဲ့ ပြဿနာ က ဘာလဲဆိုရင် မြေကြီးထဲကနေ ထုတ်နုတ်ယူလိုက်ပြီးသကာလ ပြန်ဖြည့်သွင်းခြင်း မပြုနိုင်တာပါပဲ။ နောက်ပြီး ဒီလုပ်ငန်းတွေဟာ တခြားစက်မှုလုပ်ငန်းတွေက အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်သလောက်လည်း မပေးနိုင်ကြပါ ဘူး” ဟု ၎င်း၏အမြင်ကို ဖော်ထုတ်ပြောဆိုသွားသည်။

ထို့ကြောင့် မြန်မာနိုင်ငံမှာ ခိုင်မာထိရောက်တဲ့ စွမ်းအင်ပေါ်လစီ ရှိစေလိုကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က
ပြောဆိုသွားသည်။
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger