ထိပ်တန်းကား ကုမ္ပဏီကြီးများ အကျိုးတူ ဖက်စပ် ဆောင်ရွက်ရန် စီစဉ်နေ

Tuesday, June 26, 20120 မှတ်ချက်များ


တိုယိုတာ၊ နစ်ဆန်း၊ ဟွန်ဒါ၊ ဆူဇူကီး ကုမ္ပဏီတို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ ပြဋ္ဌာန်းပြီးပါက မြန်မာ ထိပ်တန်း လုပ်ငန်းကြီးအချို့နှင့် အကျိုးတူဖက်စပ် ဆောင်ရွက်ရန် စီစဉ်နေ

ဂျပန် ထိပ်တန်း မော်တော်ယာဉ်လုပ်ငန်းများဖြစ်သော တိုယိုတာ၊ နစ်ဆန်း၊ ဟွန်ဒါနှင့် ဆူဇူကီးကုမ္ပဏီတို့သည် မြန်မာနိုင်ငံတွင် ၀င်ရောက်လုပ်ကိုင်နိုင်ရန် ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ဆွေးနွေးနေပြီး ဇူလိုင်လအတွင်း ပြဋ္ဌာန်းတော့မည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေ ပြဋ္ဌာန်းပြီးပါက မြန်မာထိပ်တန်းလုပ်ငန်းကြီးအချို့နှင့် အကျိုးတူဖက်စပ် (Joint Venture-J.V) ဆောင်ရွက်ရန် ချိတ်ဆက်ညှိနှိုင်းနေကြောင်း စီးပွားရေး အသိုင်းအ၀ိုင်းထံမှ သတင်းရရှိ Eleven Media Group အင်တာနက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါသည်။

"ဂျပန်ထိပ်တန်း ကားကုမ္ပဏီကြီးတွေ လာဆွေးနွေးနေတယ်။ သူတို့က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအတည်ပြုပြဋ္ဌာန်းတာကို စောင့်နေတဲ့သဘော။ ပြဋ္ဌာန်းပြီးရင် နိုင်ငံခြားလုပ်ငန်းတွေ ပိုပြီးလှုပ်ရှားလာနိုင်တယ်။ ကုန်ထုတ်လုပ်မှုနဲ့ စက်မှုပိုင်းမှာ ပြည်တွင်းပုဂ္ဂလိကနဲ့ J.V တွေများနိုင်တယ်။ သတ္တုနဲ့ စွမ်းအင်ပိုင်းမှာတော့ အစိုးရနဲ့ J.V လုပ်ဖို့ သူတို့ပိုစိတ်ဝင်စားတယ်"ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ အကြံပေး ပညာရှင် ဦးကျော်ဒွန်းက Eleven Media Group ကို ပြောကြားခဲ့ပါသည်။

အဆိုပါ ဂျပန်ကားကုမ္ပဏီများမှ တာဝန်ရှိသူများက မြန်မာနိုင်ငံတွင် ၀င်ရောက်ရင်းနှီးမြှုပ်နှံလိုကြောင်း ယခုနှစ် နှစ်ဆန်းပိုင်းကတည်းက ထုတ်ဖော်ပြောကြားခဲ့ပြီး မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ဆွေးနွေးနိုင်ရန် ကိုယ်စားလှယ်အဖွဲ့များ စေလွှတ်ခဲ့ကြောင်း၊ ထို့ပြင် နိုင်ငံတော် သမ္မတကြီး၏ ဂျပန်နိုင်ငံခရီးစဉ်တွင် လိုက်ပါခွင့်ရရှိခဲ့ကြသည့် မြန်မာလုပ်ငန်းရှင်များကလည်း ဂျပန်မော်တော်ယာဉ်လုပ်ငန်းများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း    ဂျပန်ခရီးစဉ်သို့ လိုက်ပါခွင့်ရရှိခဲ့သည့် စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းထံမှ သိရပါသည်။

မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းမြှုပ်နှံမှုသည် လက်ရှိအချိန်အထိ သယံဇာတဘက်သို့သာ စီးဝင်မှုများပြားဆဲဖြစ်ပြီး ကုန်ထုတ်လုပ်မှုနှင့် စက်မှုကဏ္ဍသို့ စီးဝင်မှု နည်းပါးနေဆဲ ဖြစ်ပါသည်။ အခြားတစ်ဖက်တွင်လည်း အမေရိကန်၊ အီးယူနှင့် ကနေဒါကဲ့သို့ နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှုအချို့နှင့် ဆိုင်းငံ့ကာလများကြောင့် လုပ်ငန်းဆောင်ရွက်ရန် စိတ်ဝင်စားမှုများရှိသော်လည်း လာရောက်ဆွေးနွေးမှု နည်းပါးနေကြောင်းနှင့် ဂျပန်၊ တောင်ကိုရီးယား ကဲ့သို့နိုင်ငံများနှင့် တရုတ်၊ ထိုင်းကဲ့သို့ မြန်မာနှင့် စီးပွားရေး ဆက်ဆံမှုများပြားသောနိုင်ငံများနှင့်သာ ထိတွေ့ဆက်ဆံမှုများပြားနေကြောင်း စီးပွားရေးလုပ်ငန်းရှင်များထံမှ သိရပါသည်။

မြန်မာနိုင်ငံတွင် အထက်ပါ ဂျပန်ကားကုမ္ပဏီများ၏ ၀န်ဆောင်မှုစင်တာများ ရှိနှင့်ပြီးဖြစ်သော်လည်း ဆူဇူကီးကုမ္ပဏီမှလွဲ၍ ကျန်စင်တာများမှာ အမည်ခံမျှသာ လည်ပတ်နေခြင်းဖြစ်ပါသည်။ ဆူဇူကီး ကုမ္ပဏီသည် မြန်မာကုမ္ပဏီတစ်ခုဖြစ်သော SPA ကုမ္ပဏီနှင့် အကျိုးတူပူးပေါင်းကာ ၁၉၉၇ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ မော်တော်ဆိုင်ကယ်စီးရေ ၁၀၀၀၀နှင့် မော်တော်ယာဉ် စီးရေ ၆၀၀၀ တပ်ဆင် ရောင်းချဖူးသည့် လုပ်ငန်းတစ်ခု ဖြစ်ပါသည်။

လက်ရှိ မြန်မာစီးပွားရေး အသိုင်းအ၀ိုင်းအတွင်း ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှု၊ ချိတ်ဆက် ပူးပေါင်းမှုသတင်းများ ထွက်ပေါ်မှုများပြားနေပြီး ဟွန်ဒါကုမ္ပဏီနှင့် ပြည်တွင်းလုပ်ငန်းဖြစ်သည့် ဒိုင်းမွန်းစတားကုမ္ပဏီ၊ ဆူဇူကီးကုမ္ပဏီနှင့် ပြည်တွင်း လုပ်ငန်းဖြစ်သည့် IGE ကုမ္ပဏီတို့သည် မြန်မာနိုင်ငံအတွင်း လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း စီပွားရေးလောကအတွင်း သတင်းများထွက် ပေါ်နေသည်။ အထက်ပါ ဟွန်ဒါနှင့် ဆူဇူကီးကုမ္ပဏီတို့နှင့် ပူးပေါင်းဆောင်ရွက်မည့် သတင်းကို သက်ဆိုင်ရာ ကုမ္ပဏီများသို့ ဆက်သွယ်မေးမြန်းသော်လည်း အတည်ပြု ဖြေကြားပေးမှုမရှိခဲ့ပါ။

နစ်ဆန်း မော်တော်ယာဉ်နှင့် ယာဉ်အပိုပစ္စည်း တရားဝင်ရောင်းချခွင့်ကို မြန်မာကုမ္ပဏီဖြစ်သည့် SPA Motors က ရယူထားပြီး ဂျပန်ထိပ်တန်းဘဏ်ကြီးတစ်ခုဖြစ်သည့် SMBC ဘဏ်နှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မည့် ကမ္ဘောဇ ဘဏ်လီမိတက်ကလည်း ယင်းဘဏ်နှင့် ချိတ်ဆက်လုပ်ကိုင်နေသည့် ကားကုမ္ပဏီများ အပါအ၀င် လုပ်ငန်းများကို မြန်မာနိုင်ငံအတွင်း၌ ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေးဆိုင်ရာ ၀န်ဆောင်မှုများ ပြုလုပ်ပေးသွားမည်ဟု ကမ္ဘောဇဘဏ် လီမိတက် ဒုဥက္ကဋ္ဌဦးသန်းလွင်၏ ပြောကြားချက်အရ သိရကြောင်း Eleven Media Group အင်တာနက်စာမျက်နှာမှာ ရေးသားဖော်ပြထား ပါသည်။

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger