ကော့သောင်း ကျောက်မီးသွေးစက်ရုံအား မြို့နှင့်(၁၀)မိုင်အကွာသို့ ပြောင်းရွှေ့ခိုင်း

Tuesday, May 1, 20120 မှတ်ချက်များ

ကောင်းမြတ်ဖြိုး ( မြစ်မခ )
မေ(၂)ရက်၊၂၀၁၂ခုနှစ်။


ကော့သောင်းမြို့ရှိ ကျောက်မီးသွေးဓါတ်အားပေးစက်ရုံတစ်ရုံသည် လူနေရပ်ကွက်နှင့် အလွန်နီးသဖြင့် ဒေသခံများက ရေရှည်တွင်ကျန်းမာရေးထိခိုက်နိုင်သောကြောင့် စက်ရုံအားမြို့နှင့် ဆယ်မိုင်ခန့်ဝေးသော နေရာသို့ ပြောင်းရွှေ့ပေးရန် ဒေသခံများက နိုင်ငံတော်သမ္မတကြီးထံ အသနားခံတင်ပြကြကြောင်း သိရှိရသည်။

အဆိုပါ စက်ရုံမှာ ကော့သောင်းမြို့၊ ရွှေပြည်သာရပ်ကွက်၊ ရွှေဝက်ဝံရေခဲစက်ဝင်းအတွင်းတွင် တည်ရှိပြီး စက်ရုံရွှေ့ပြောင်းပေးရန် ဒေသခံအယောက် (၆၀)ခန့် လတ်မှတ်ရေးထိုး အသနားခံစာတင်ခြင်းဖြစ်သည်။

“စက်ရုံက အခုထိတော့မဖွင့်သေးပါဘူး။ ကျောက်မီးသွေးအခက်အခဲဖြစ်နေလို့တဲ့။ အဲ့ဒီစက်ရုံလာဖွင့်တာတော့
ကျွန်တော်တို့ဒေသခံတွေသဘောကျပါတယ်။ မီတာခက တစ်ဝက်လောက်သက်သာသွားမယ်လေ။ ဒါပေမဲ့
လူနေအိမ်တွေနဲ့နီးနေတော့ ကြာရင် ကျန်းမာရေးတွေထိခိုက်နိုင်တယ်။” ဟု ဒေသခံတစ်ဦးဖြစ်သူ ကိုလွမ်းကိုကို ကပြောသည်။

အဆိုပါကော့သောင်းမြို့ရှိရပ်ကွက်မှာ ရပ်ကွက်မီး တစ်ယူနစ်လျှင် (၄၃၀) ကျပ်ပေးရပြီး၊ ယခုဆောက်လုပ်ထား
သော ကျောက်မီးသွေးဓါတ်အားပေးစက်ရုံမှ စက်ရုံလည်ပတ်ပြီး ဓါတ်အားပေးလျှင် တစ်ယူနစ် (၂၀၀)ကျပ်သာ
ပေးရတော့မည်ဖြစ်ကြောင်းသိရှိရသည်။

စက်ရုံမှာ ၂၀၁၁ သင်္ကြန်နောက်ပိုင်း၌ စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး၊ မကြာမီကာလတွင်လည်ပတ်တော့မည်
ဖြစ်ကြောင်းသိရှိရသည်။

“ကျွန်တော်တို့ သူတို့စက်ရုံစဆောက်ကတည်းကဘာလို့ မတိုင်တာလည်းဆိုတော့၊ အခုတိုင်းပြည်အခြေအနေနဲ့ အရင်ကတိုင်းပြည်အခြေအနေကမတူဘူးလေ။ အဲ့ဒီတုန်းက ဘယ်ကိုတိုင်လို့ တိုင်ရမှန်းလည်းမသိလို့ပါ။” ဟုဒေသခံ ကိုလွမ်းကိုကိုကပြောသည်။

ထိုစက်ရုံမှာ မူလက ထိုင်းနိုင်ငံတွင်တည်ဆောက်ထားခြင်းဖြစ်ပြီး ထိုင်းပြည်သူများမှ ၀ိုင်းဝန်းကန့်ကွက်ကြ သောကြောင့် မလည်ပတ်ဖြစ်သောစက်ရုံကို သန်းဖြိုးသူကုမ္ပဏီမှ ၀ယ်ယူပြီး ကော့သောင်းတွင်လာရောက် တည်ဆောက်ခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

“ကျွန်တော်တို့က သမ္မတကြီးဆီကို အသနားခံစာတင်တာပါ၊ အဲ့ဒီစက်ရုံလာဆောက်တာလည်းကြိုက်ပါတယ်။
ဒါပေမဲ့လူနေအိမ်တွေနဲ့နီးတော့ မကောင်းဘူးလေ၊ လူနေအိမ်နဲ့ဝေးတဲ့ နေရာမှာဆောက်ပေးရင်တော့၊ ဘယ်သူ မှ မကန့်ကွက်လောက်ကြပါဘူး။” ဟု အဆိုပါ ကိုလွမ်းကိုကိုကပြောသည်။

ကော့သောင်းနယ်တ၀ိုက်တွင် ရွာသွန်းသော မိုးရေအများစုသည် အဆိုပါကျောက်မီးသွေးစက်ရုံအနီးရှိ ယင်းဝါ
ရေလှောင်တမံအတွင်းသို့ စီးဝင်ကြကြောင်းနှင့် အဆိုပါရေလှောင်တမံမှ ရေကို အဓိကထားသောက်သုံးနေကြ
သော ပြည်သူများလည်းရှိကြောင်း သိရှိရသည်။
Shwe Myitmakha Media Group
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger