တရုတ်က အခွန်တိုးယူခြင်းကြောင့် မဟာအောင်မြေကျောက်ဝိုင်း အရောင်းအ၀ယ်ပါးနေ

Wednesday, May 2, 20120 မှတ်ချက်များ

ဝင့်သင်ဇာကျော် (မြစ်မခ)
မေ (၂)ရက် ၊ ရန်ကုန်မြို့။

တရုတ်ပြည်တွင်းတွင် အခွန်အခတိုးမြှင့်ကောက်ခံနေခြင်းကြောင့် မန္တလေးမြို့မဟာအောင်မြေ ကျောက်ဝိုင်းတွင် အရောင်းအ၀ယ်ပါးလျက်ရှိကြောင်း ကျောက်ကုန်သည်များထံက သိရှိရသည်။

“တရုတ်ပြည်ကနေ ကျနော်တို့ဆီက ကျောက်ဝယ်သွားတယ်၊ သူတို့တရုတ်ပြည်ဘက်ပြန်ရင် အခွန်ခက ၃၃% ပြန်ဆောင်ရတယ်။ အဲ့တော့ တရုတ်လူမျိုးတွေ တော်တော်နဲ့လာ မ၀ယ်တော့ဘူး။” ဟု မန္တလေးမြို့တွင် ကျောက်အရောင်းအ၀ယ်ပြုလုပ်သူ ကိုဇော်မင်းခိုင်က ပြောသည်။

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေကျောက်ဝိုင်းတွင် ကျောက်အရောင်းအ၀ယ်အေးနေရခြင်းမှာ တစ်နှစ် နီးပါးရှိပြီဖြစ်သောကြောင့် ယခုအခါတွင် ကျောက်များကို ဈေးလျော့ရောင်းသော်လည်း အရောင်းအ၀ယ်မဖြစ် ကြောင်း သိရှိရသည်။


“ အရောင်းအ၀ယ် တော်တော်အေးတယ်။ အဲ့ဒါကလဲ အခုမှ မဟုတ်ဘူး တစ်နှစ်လောက်ရှိပြီ။ အဲ့ဒါကြောင့်မို့ ထက်ဝက်လောက် လျော့ရောင်းတယ်။ ကျွန်တော်တို့အတွက် တွက်ချေတော့ မကိုက်ဘူးပေါ့။ သူတို့ တရုတ် ပြည်ဘက်မှာ ဆောင်ရတဲ့ အခွန်ခက တိုးမြင့်ကောက်လို့ မလာတော့တာနဲ့တူပါတယ်။” ဟု ကိုဇော်မင်းခိုင်က ဆက်ပြောသည်။

ကျောက်ကုန်သည်များ ကျောက်အရောင်းအ၀ယ်ပါးနေရခြင်းမှာ မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းထားခြင်းကြောင့် တရုတ်လူမျိုးများ လာရောက်လည်ပတ်မှု နည်းလာခြင်း၊ တရုတ်ပြည်တွင် တရုတ်လူမျိုးများအား ချေးငွေ ထုတ်မပေးခြင်းနှင့် အခွန်ခတိုးမြှင့်ကောက်ခံခြင်းတို့ကြောင့် ဖြစ်နိုင်ကြောင်း ကျောက်ကုန်သည်အချို့က သုံးသပ်ပြောဆိုသည်။


“အကြောင်းအရင်းကတော့ အမျိုးမျိုးပေါ့။ ကျွန်တော်တို့ထင်တာကတော့ မြစ်ဆုံစီမံကိန်း ရပ်လိုက်တဲ့အပေါ်မှာ တစ်ခုခုဖြစ်လို့လား။ နောက်တစ်ခု ကြားသိရသလောက်ကတော့ သူတို့တရုတ်ပြည်မှာ ချေးငွေတွေ ထုတ်မပေး လို့ဆိုပြီး ကြားရတယ် အဲ့ဒါကြောင့် မန္တလေးကို အ၀င်နည်းပြီး ကျောက်အရောင်းအ၀ယ်ပါးတာ ဖြစ်နိုင်တယ်။” ဟု ကျောက်ကုန်သည်တစ်ဦးဖြစ်သူ ကိုမျိုးဇော်က သူ၏အမြင်အား ပြောသည်။

တရုတ်လူမျိုးများ အများဆုံးဝယ်ယူသော ကျောက်အမျိုးအစားမှာ အပွင့်ကျောက်၊ အချပ်၊ လက်ကောက်နှင့် အပွင့်ကျောက်တွင်မှ စိမ်းရွှင်ကျောက်အား အ၀ယ်များပြီး တရုတ်လူမျိုးသည် ၀တ်စားဆင်ယင်ခြင်း၊ အိမ်အလှ ဆင်ခြင်းများကို လာဘ်ကောင်းသောကြောင့် အဆောင် သဘောမျိုးဖြင့် ၀ယ်ယူလေ့ရှိကြောင်း သိရသည်။


လွှာချပ်တစ်ထုပ်လျှင် ကျပ်ငါးသောင်းမှ ကျပ်သိန်းတစ်ရာနီးပါး အထိ ဈေးရှိပြီး၊ အပွင့်ကျောက် (စိမ်းရွှင်) တစ်ကလပ်လျှင် ကျပ်သိန်းလေးရာဝန်းကျင်အထိ ဈေးနှုန်းရရှိကြောင်း သိရှိရသည်။

အဆိုပါကျောက်များကို နေပြည်တော်ကျောက်မျက်ပြပွဲများက သွားရောက်ဝယ်ယူရောင်းချလေ့ရှိသလို မြစ်ကြီးနား၊ မိုးကောင်း၊ မိုးညှင်း၊ ဖားကန့်များမှ ကျောက်များကို ပြန်လည်ဝယ်ယူရောင်းချကြောင်း ကိုလည်း မန္တလေးကျောက်ကုန်သည်များက ပြောသည်။
Shwe Myitmakha Media Group
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger