လျှပ်စစ်မီးမှန်ရေး ဖယောင်းတိုင် လှုပ်ရှားမှုထဲ ပုသိမ်မြို့လည်းပါဝင်လာ

Saturday, May 26, 20120 မှတ်ချက်များ

ပုသိမ်၊ မေလ ၂၅ ရက်၊ ၂၀၁၂ ခုနှစ်၊ မျိုးမင်းထွန်း (YPI)

မြို့ကြီးအတော်များများတွင် လုပ်ဆောင်လျှက်ရှိသည့် လျှပ်စစ်မီးမှန်ရေး ဖယောင်းတိုင် လှုပ်ရှားမှုတွငို ပုသိမ်မြို့လည်း ပါဝင်လာကာ ယနေ့ ည ၇ နာရီ တွင် ပုသိမ်မြို့ရှိ တိုင်းဒေသကြီး လျှပ်စစ်ရုံးရှေ့မှ စတင်ကာ ဆန္ဒထုတ်ဖေါ်လိုက်ကြသည်။

ည ၇နာရီခန့်တွင် ပုသိမ်မြို့ ဖယောင်းတိုင် လှုပ်ရှားမှုကို ဦးဆောင်သူ ကိုဇော်မိုး၊ ကိုကျော့မောင်၊ ကိုနိုင်ကြီး တို့နှင့်အတူစုစုပေါင်း လူ ၂၀ ၀န်းကျင်ရောက်ရှိလာပြီး ဖယောင်းတိုင် စတင်ထွန်းညှိကာ မြေနုလမ်း၊ ကုန်သည်လမ်းမှ တဆင့် ရွှေမုဋ္ဌော ဘုရားသို့ လမ်းလျှောက်သွားခဲ့ကြသည်။
ဘုရားသို့ရောက်ရှိသည့်အခါ လူပရိတ်သတ် ၂၀၀ ၀န်းကျင်ထိ ရှိလာသည်ကို မြင်တွေ့ရသည်။

ရုံးအနီးရှိ ပြည်တော်သာရပ်ကွက်သား တဦးက “ညနေ ၆ နာရီလောက်က တည်းက အဲ့ဒီရုံးရှေ့ကို ရဲကားတွေ ရောက်လာတယ်၊ နောက်တော့ လူတွေက ဟိုတစ်စုဒီတစ်စုနဲ့တွေ့ရတယ်၊ လျှပ်စစ်မီးအပြည့်အ၀ ရချင်တာတော့ ပြည်သူတိုင်းရဲ့ဆန္ဒပါ၊ကျွန်တော်လည်းပါဝင်ချင်ပေမယ့် ရဲတွေလည်းရှိတော့ မထွက်ရဲဘူး’ ဟုပြောသည်။

ဦးဆောင်သူ တဦးဖြစ်သည့် ကိုကျော့မောင်က ‘လျှပ်စစ်မီးနဲ့ပတ်သက်ပြီး ပြည်သူတွေရင်ထဲမှာခံစား နေရတာတွေကို သမ္မတကြီးသိအောင် ပုသိမ်က လူထုကိုယ်စားထုတ်ဖော်ခဲ့တာပါ’ ဟု YPI သို့ပြောသည်။

ပုသိမ်မြို့ခံတချို့ကလည်း မီတာ ထိန်းသိမ်းစောင့်ရှောက်ခ ကျပ် ၁၀၀၀ ကောက်ခံနေခြင်းကို ပယ်ဖျက်ပေးစေလိုကြောင်းနှင့် ယနေ့တနေ့လုံး မီးမလာပဲ ဆန္ဒထုတ်ဖော်ချိန်မှ သာမြို့လုံးကျွတ် လျှပ်စစ်မီးပေးခဲ့ကြောင်း ပြောဆိုကြသည်။

ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာမှုးဦးစိန်အောင်က ‘ကျွန်တော်တို့ အနေနဲ့ကတော့ အခက်အခဲတွေကြားက ပြည်သူတွေ မီးရအောင်ကြိုးစားလုပ်ဆောင် ပေးနေပါတယ်’ ဟုပြောသည်။

ဆန္ဒထုတ်ဖော်ပွဲတွင် လိုက်ပါသူများမှာ မည်သည့်ပိုစတာမှမကိုင်ပဲ၊ အော်ဟစ်ဆူညံခြင်း လက်ခုပ်တီးခြင်းမျိုးများ မပြုလုပ်ပဲ ရွှေမုဋ္ဌော ဘုရားသို့သွားရောက်ကာ အင်္ဂါထောင့်၌ ဖယောင်းတိုင်မီး ပူဇော်ကြပြီး တောင်ဘက်မုခ်မှပင် ပြန်လည်ဆင်းသက် လူစုခွဲခဲ့ကြသည်။

ယခုရက်ပိုင်းအတွင်း မန္တလေး၊ ရန်ကုန်၊ ပုသိမ်၊ ပြည်၊ ပေါင်းတည် အစရှိသည့် မြို့များ၌ လျှပ်စစ်မီးမှန်ရေး ဖယောင်းတိုင် လှုပ်ရှားမှုများကို ဆက်တိုက် လုပ်ဆောင်ခဲ့ကြသည်။

နိုင်ငံတော် အစိုးရဘက်မှ ပြည်သူများသို့ မေတ္တာရပ်ခံပန်ကြားခြင်း ဆိုသည့် ပန်ကြားချက်တစောင်ကို မြန်မာ့အလင်း သတင်းစာတွင် ထည့်သွင်းဖေါ်ပြခြင်း၊ ပြည်ပမှ မီးစက်ကြီးများ မှာယူထားကြောင်းနှင့် မိုင်းကွဲမှုကြောင့် ပြိုလဲသွားသည့် ရွှေလီ-မန်ဆန် လျှပ်စစ်ဓါတ်အားလိုင်း တာဝါတိုင်များကို ၀န်ထမ်း ရာကျော်ဖြင့် အမြန်ဆုံးပြင်ဆင်လျှက်ရှိကြောင်း သတင်းများဖေါ်ပြသည်ကို တွေ့ရသည်။ ။

Yangon Press International
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger