သူငယ်ချင်း

Friday, April 27, 20120 မှတ်ချက်များ

၁၀တန်းကျောင်းသူ တစ်ဦးဖြစ်သူ ခင်မေခန့်သည် နေ့စဉ်ပြန်နေကျအတိုင်း အိမ်မှ ကျောင်းသို့ လမ်းလျှောက်ပြန်လာခဲ့သည်။ ထိုစဉ် သူမ၏ ရှေ့မှ လမ်းလျှောက်နေသော ကျောင်းသူတစ်ယောက်ထံမှ ထီး၊ ကွန်ပါဘူး၊ စာအုပ် စသည်ဖြင့် တစ်ခုပြီးတစ်ခု ပြုတ်ကျနေသည် ကို တွေ့လေသည်။

သူမသည် ထိုတစ်ခုခြင်းစီအား နောက်မှ လိုက်ကောက်ပေးရင်း - မနိုင်မနင်းဖြစ်နေသောကြောင့် အကူအညီလိုပါက သူမ၏ အိမ်အထိ လိုက်ပို့ပေးမည်ဖြစ်ကြောင်း၊ အနီးအနားတွင်ပင် နေသည်ဖြစ်သောကြောင့် အားနာရန် မလိုကြောင်း - စသည်ဖြင့် ပြောဆိုပြီး ထိုကျောင်းသူ၏ အိမ်သို့ လိုက်ပါပို့ဆောင်ပေး၏။

ထိုကျောင်းသူ၏ အမည်မှာ ရင်ငြိမ်းပွင့်ခိုင် ဖြစ်ကြောင်း၊ မြို့ထဲကျောင်းတွင် ကျောင်းတက်နေသော ၁၀တန်းကျောင်းသူပင်ဖြစ်ကြောင်း သိလိုက်ရလေသည်။

ရင်ငြိမ်းပွင့်ခိုင်၏ အိမ်အရောက်တွင် နှစ်ဦးသား စကားများ ဖောင်ဖွဲ့ကာ ပြောဆိုကြပြီး၊ ၁၀တန်းစာမေးပွဲအတွက် စာအတူတူဖတ်ကြရန်၊ တစ်ဦးနားမလည်သည်များကို တစ်ဦးက ရှင်းပြရန် သဘောတူကြသည်။

သို့်ဖြင့်  ခင်မေခန့် နှင့် ရင်ငြိမ်းပွင့်ခိုင် သည် စာအတူတူကျက်၊ ၁၀တန်းစာမေးပွဲ အတူတူဖြေကာ၊ နှစ်ဦးစလုံးပင် ဂုဏ်ထူးဝေေ၀ဆာဆာဖြင့် ၁၀တန်းအောင်သွားကြသည်။

ခင်မေခန့်က ရေဆင်းစိုက်ပျိုးရေး တွင် ပညာဆက်လက်သင်ကြားပြီး ရင်ငြိမ်းပွင့်ခိုင်က စီးပွားရေးဘာသာရပ်ကို ဆက်လက်သင်ကြားဖြစ်၏။

တစ်ဦးနှင့် တစ်ဦး နှစ်အတော်ကြာ ဝေးကွာပြီးနောက် တစ်ရက်တွင် ရင်ငြိမ်းပွင့်ခိုင်က ခင်မေခန့်ထံသို့ အလည်ရောက်ရှိလာလေသည်။

"ရင်ငြိမ်းရယ်.. ငါ ပြန်လာမှ တွေ့ကြတာပေါ့။ ဘာဖြစ်လို့ ရေဆင်းထိ လိုက်လာတာလဲ။"

"ငါ နင့်ကို ပြောစရာရှိလို့ပါ မေခန့်ရယ်။ နင့်ကိုငါ မပြောဘဲ သိမ်းထားတာကြာလှပြီ။ လူချင်းတွေ့ပြီး ပြောချင်လွန်းလို့၊ နင့်ကို တွေ့ချင်လွန်းလို့ ငါ လိုက်လာတာပါ။"

"ကဲ.. ဘာများလဲ.. ပြော.. ပြော..။"

"နင်မှတ်မိလား..၊ နင်နဲ့ ငါနဲ့ ပထမဆုံး စ တွေ့တဲ့နေလေ။"

"အေး "

"ငါ တစ်ခုပြီး တစ်ခု မနိုင်မနင်းနဲ့ ပြုတ်ကျနေပါရောလား..။ "

"အေး"

"အဲဒီ့နေ့က ငါ... ငါ့ လွယ်အိတ်ကို ဓားနဲ့မွှနေအောင် လှီးထားလို့ အဲလို တစ်ခုပြီး တစ်ခု ပြုတ်ကျနေတာ။ ငါ့အိတ်ထဲမှာလဲ ဓားလဲ ပါတယ်..။ ကတ်ကျေးပါတယ်။ ငါ ၁၀တန်းစာမေးပွဲကို မဖြေချင်လို့.. ၊ မဖြေချင်ရတဲ့ အကြောင်းက ငါ ငါ့ အမေနဲ့အဖေ ဖြစ်စေချင်သလို ဆေးကျောင်းမ၀င်မှာ ငါ့ဘာသာငါ သိလို့လေ....။ "

"ဟယ် နင်ကလဲ..။ "

"အဲဒါ အဲ့ဒီနေ့က ငါ့ အခန်းထဲ ငါ ပြန်ရောက်ရင် ငါ့ကိုယ်ငါ သတ်သေတော့မလို့..၊ လက်ကောက်ဝတ်ကို ဓားနဲ့လှီးရင် သေတယ်လို့ ပြောကြတယ် မဟုတ်လား..။ "

"ဟယ်.. ရင်ငြိမ်းရယ်....ဖြစ်မှဖြစ်ရလေ..။ "

"ဒါပေမဲ့ နင် ငါ့ကို ကူကောက်ပေးပြီး အိမ်အထိ လိုက်ပို့၊ စကားတွေ ဖောင်ဖွဲ့အောင် ပြောရင်း.. ငါ့အကြံအစည်ကို ငါ လုံးဝ မေ့သွားတယ်..။ စာတွေ အတူတူလုပ်ကြရအောင်ဟယ်လို့.. နင် မျက်လုံးလက်လက်လေးနဲ့ ပြောတာကို ငါ လုံးဝ မမေ့ဘူး သိလား.. မေခန့်...။ "

"အို.. ရင်ငြိမ်းရယ်...။"

"မေခန့်.. နင် အဲဒီနေ့က ငါ့ရဲ့ အသက်ကိုပါ ကယ်တင်လိုက်တာပါပဲ.. သူငယ်ချင်းရယ်.....။ "

မေခန့်၏ မျက်ဝန်းတွင် မျက်ရည်တို့ဖြင့် ၀ဲတက်လာ၏။ နောက် -

"နင်.. ဘယ်လိုအခက်အခဲတွေပဲရှိရှိ နောက်ကို..နင် ဘယ်တော့မှ အဲဒီလိုမျိုး မတွေးတော မကြံစည်ရဘူးလို့ ကတိပေးရမယ်နော်.. နော်.. ရင်ငြိမ်း။ ဘ၀ကို ဘယ်တော့မှ အရှူံးမပေးပါနဲ့ သူငယ်ချင်းရယ်..။
ဆေးကျောင်းမ၀င်လဲ ဘာအရေးလဲဟယ်။ ဆေးကျောင်းဝင်ပြီး သုံးစားလို့မရတဲ့သူတွေ အများကြီးရှိသလို..၊ ဆေးကျောင်းမ၀င်ဘဲနဲ့ ဘ၀မှာ အောင်မြင်နေကြတဲ့သူတွေ အများကြီး။ နော်.. ရင်ငြိမ်း။ "

"အေးပါ..သူငယ်ချင်းရယ်..။ ဘယ်လိုအခက်အခဲတွေပဲရှိရှိ ဘယ်တော့မှ ဘ၀ကို အရှူံးမပေးတော့ဘူး သူငယ်ချင်း..။ "

မေခန့်၏ လက်အား ရင်ငြိမ်းမှ တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း ပြောလိုက်လေ၏။

Written & posted on other blog (as this one was unoriginal; ကိုးကား - http://www.motivational-messages.com/inspirationalstories1.html
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger