ဘုရားကြီးဈေးသည်များ ဆန္ဒပြရန်

Monday, April 30, 20120 မှတ်ချက်များ

ဘုရားကြီးဈေးသည်များ ဆန္ဒပြရန် အသင့်ဖြစ်နေ မဟာမြတ်မုနိဆိုင်ခန်းခွန်များ ဈေးသုံးဆတက်မှုကြောင့် ဆိုင်ခန်းရှင်များ လမ်းလျှောက် ဆန္ဒပြရန်စိုင်းပြင်းလျက်ရှိနေ
မန်းသားလေး ရေးသားသည်)

မန္တလေးမဟာမြတ်မုနိ ဘဏ္ဍာတော်ပိုင် စောင်းတန်းများနှင့် တိုက်တန်းများရှိ ဆိုင်ခန်းများကို ဘုရားကြီး ဘဏ္ဍာတော်တိုးပွားစေရန်နှင့် အစဉ်သန့်ရှင်းသပ်ရပ်စေရန်အတွက် ဧပြီလ ၁၇ရက်နေ့စပြီး တစ်ခန်းလျှင် လက်ရှိဆိုင်ခန်းခထက် သုံးဆတိုးမြှင့်သတ်မှတ် ကောက်ခံသွားမည် ဖြစ်ကြောင်း ဂေါပကအဖွဲ့ရုံးက ထုတ်ပြန်ကြေညာခဲ့သည်။

ဆိုင်ခန်းရှင်များက ကျေနပ်မှုမရှိဘဲ ဂေါပကအဖွဲ့ရုံးသို့ ယနေ့ စာတင် ကန့်ကွက်ထားကြောင်း သိရသည်။

အရင်တုန်းက ဆိုင်ခန်းဈေးတွေတက်မယ် ဆိုရင် ကျွန်မတို့ ကိုယ်စားလှယ်တွေနဲ့ တိုင်ပင်ပြီးမှ ဈေးတက်ကြတာ။ ခုတော့ သူတို့သဘောနဲ့ သူတို့ ဆုံးဖြတ်ပြီး ဈေးတက်လိုက်တာ ဆိုင်ခန်းတွေ ပိတ်ထားရမယ့်အနေထားဖြစ်နေပါပြီ ဟု ဘုရားကြီးစောင်းတန်းတွင် ဈေးရောင်းနေသော မအိက ဧရာဝတီကို ပြောသည်။

ခုတော့ ဂေါပကတွေနဲ့ ညှိနေပါတယ်။ ညှိလို့မရရင် နေပြည်တော်ကို စာတင်မယ်။ ဒီလိုမှ မရရင်လည်း ကျွန်မတို့ လမ်းလျှောက် ဆန္ဒပြဖို့အတွက် တိုင်ပင်နေပါတယ်ဟု ၄င်းကပြောသည်။

ယခင်က တစ်ခန်းလျှင် ကျပ်(၂၀၀၀၊ ၂၅၀၀၊ ၃၀၀၀၊ ၃၅၀၀နဲ့ ၅၀၀၀)ကြားသာ ကောက်ခံသော်လည်း ယခုဆိုင်ခန်းများကို ကျပ် တစ်သောင်းကျော် ကောက်ခံသွားမည်ဟု ဆိုသည်။

ဂေါပကအဖွဲ့မှ သတ်မှတ်ထားသည့်အတိုင်းပေးဆောင်ခြင်းမရှိသော ဆိုင်ခန်းများကို ချိတ်ပိတ်ခြင်းနှင့် မီးဖြတ်ခြင်းများ ပြုလုပ်မည်ဟု ချိန်းခြောက်လျက် ရှိကြောင်း ဆိုင်ခန်းရှင်များက ပြောသည်။

လွန်ခဲ့သည့် တစ်နှစ်ခန့်က မီးများ တပ်ဆင်ပေးမည်ဟုဆိုကာ တစ်ခန်းလျှင် ငွေကျပ်တစ်သိန်းခွဲ ကောက်ခံခဲ့ကြောင်း သိရသည်။ ငွေတစ်သိန်းခွဲကို တစ်နှစ်အတွင်း နှစ်ရစ်ပေးသွင်းရမည် ဖြစ်ပြီး မပေးဆောင်သည့် ဆိုင်ခန်းများကိုလည်း အထက်ပါအတိုင်း ဆိုင်ပိတ်ခြင်းနှင့် မီးများ ဖြတ်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သည်။ မပေးဆောင်သည့်ဆိုင်ခန်းများကိုလည်း ၁၀ရက်အတွင်း မီးဖြတ်ခဲ့ကြောင်း ပြောခဲ့သည်။

ဆိုင်ခန်းရှင်များမှ ထိုခြိမ်းခြောက်မှုကို ကြောက်ရွံ့သောကြောင့် ငွေအကြေပေးဆောင်ခဲ့သော်လည်း ယခုအချိန်ထိ မီး တပ်ဆင်ပေးခြင်းမရှိသေးကြောင်း ဆိုင်ခန်းရှင်များက ပြောသည်။

ပထမ တ၀က်သွင်းရင်ကို မီးတွေလာဆင်ပေးမယ်ပြောတာ။ ခုဆင်ထားတဲ့မီးတွေက စနစ်မကျလို့ ဆိုပြီး ကျွန်မတို့ ဆိုင်ခန်းရှင်တွေဆီက တစ်သိန်းခွဲတောင်းတယ်။ မီးချောင်း ငါးချောင်းနဲ့ ပန်ကာတစ်ခုဘဲ အသုံးပြုခွင့်ပေးမယ်ဆိုပြီး ပြောခဲ့တာ။ ခု ဆိုင်ခန်းရှင်တွေက အကုန်အကြေပေးပြီးတာတောင် တစ်နှစ်သာ ကျော်သွားတယ်။ ဘာမှ လာလုပ်ပေးတာ မရှိပါဘူး ဟု ဘုရားကြီး အရှေ့မုခ် စောင်းတန်းတွင် ဈေးရောင်းနေ သူများက ပြောဆိုခဲ့သည်။

ဂေါပကအဖွဲ့ရုံးသို့ ဆိုင်ခန်းရှင်များ က မေးမြန်းသည့်အခါတွင် ယင်းကိစ္စကို ဆောင်ရွက်ခဲ့သည့် ဂေါပကအဖွဲ့များမှာ ထွက်ပြေးသွားသည့်အတွက် ယခုအဖွဲ့နှင့် လုံးဝသက်ဆိုင်ခြင်းမရှိကြောင်း၊ အကယ်လို့ မီး လိုအပ်ပါက ငွေထပ်မံပေးမည်ဆိုလျှင် ယခုအဖွဲ့က ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။










Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger