၂၀၁၂ ခုနှစ် ဧပြီလ ၁၆ ရက်နေ့ သင်္ကြန်အတက်နေ့တွင် ရန်ကုန်မြို့၌ ယခင်နေ့များထက် ရေကစားနေသူများ၊ ရေပက်ခံကားများဖြင့် ပိုမိုစည်ကားခဲ့ပြီး မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ် အတာသင်္ကြန်သည် အေးချမ်းစွာဖြင့် ပြီးဆုံးခဲ့ပြီဖြစ်သည်။
ရန်ကုန်မြို့ ရန်ကင်းစင်တာနှင့် ဆရာစံလမ်းထောင့်မှ စတင်၍ ဦးချစ်မောင်လမ်း တစ်လျောက်မဏ္ဍပ်များတွင် ရေပက်ခံရန် စီတန်းစောင့်နေသည့် ရေပက်ခံကားများမှာ နံနက်ပိုင်းအချိန်တည်းက များပြားလျက်ရှိသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။
မဏ္ဍပ်အများစုဝန်းကျင်၌ ဘီယာဘူး၊ ရေသန့်ဘူးခွံ ကောက်သူများ၊ အရက်၊ ဘီယာနှင့် အခြား စားသောက်ဖွယ်ရာများ ရောင်းချနေသူများ များပြားခဲ့သည်။
အဆိုပါ ဈေးရောင်းချနေသူများတွင် မြို့တွင်းမြို့နယ်များအပြင် မှော်ဘီ၊ သန်လျင် စသည့် မြို့နယ်များမှလည်း လာရောက် ရောင်းချသူများ ရှိခဲ့သည်။
''နောက်ဆုံးနေ့ဆိုတော့ ပစ္စည်းတွေကို ဈေးလျော့ရောင်းနေရတယ်။ မနှစ်ကလောက်တော့ အရောင်းအ၀ယ် မကောင်းဘူး၊ ဘီယာကတော့ အများဆုံးရောင်း ရပါတယ်''ဟု ပြည်လမ်း အင်လျားကန်ဘောင်အနီး ဈေးသည် တစ်ဦးကပြောပြပါသည်။
ဆင်ခြေဖုန်းရပ်ကွက်များတွင်လည်း ယခင်နေ့များနှင့်မတူ ရေကစားသူများ လမ်းလျောက်ရေပက်ခံသူများ၊ ၊ စက်ဘီး၊ ဆိုက်ကား၊ ဆိုင်ကယ်တို့ဖြင့် ရေပက်ခံထွက်သူများ များပြားလျက်ရှိကာ တစ်နိုင်တစ်ပိုင် အအေး၊ မုန့်အမျိုးမျိုးတို့ကို စတုဒီသာ အလှူပြုလုပ်နေသည်များကိုလည်း တွေ့ရသည်။
ညပိုင်းတွင် ရန်ကုန်မြို့တော်ဝန် မဏ္ဍပ်ပိတ်ပွဲကို ကျင်းပခဲ့ရာ ၀န်ကြီးချုပ် ဦးမြင့်ဆွေနှင့် မြို့တော်ဝန် ဦးလှမြင့်တို့ တက်ရောက်ခဲ့ကြပြီး၊ ယိမ်းအကပြိုင်ပွဲများတွင် ဆုရရှိသူများကို ဆုများချီးမြှင့်ပေးခဲ့သည်။
၁၉ လမ်းနှင့် အနော်ရထာလမ်းထောင့်ရှိ Sky Net မဏ္ဍပ်တွင်လည်း ည ၈ နာရီကျော် အချိန်အထိ အနုပညာရှင်များ၏ ဖျော်ဖြေမှုများနှင့်အတူ ရေကစားသူများနှင့် လမ်းပိတ်ဆို့သည်အထိ စည်ကားခဲ့သည်ကို တွေ့ရသည်။
Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။